လက်ပံတန်း ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၃ခုနှစ်တွင် ကျရောက်သည့် (၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ဒီဇင်ဘာ ၇ ရက်နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အထက(၂)မှ ကျောင်းသား ကျောင်းသူများက "ဇာတိမာန်" သီချင်း သီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်ကဖတ်ကြား၍ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဥမ္မာဦးက အမျိုးသားနေ့ အကြောင်းသိကောင်းစရာအနှစ်ချုပ် ဆွေးနွေးကာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပြီး ကျောင်းသား/ကျောင်းသူလေးများက နဂါးနီသီချင်း အကအလှများဖြင့် ကပြဖျော်ဖြေ ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)