တမူး နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ (၇) ရက်နေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝမတန်း ကျောင်းသား၊ ကျောင်းသူများမှ “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား တမူးခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းမှ ဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအဌမတန်း ကျောင်းသား၊ ကျောင်းသူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ