ငဖဲမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ငဖဲ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ၂၀၂၃ခုနှစ် ၊ (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပရာ မြို့နယ်ပညာရေးမှူးဦးကျော်ဝင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားကျောင်းသူလေးများကို ပြည်မြန်မာသီချင်းသီဆို၍ ဖွင့်လှစ်ပြီး ငဖဲမြို့နယ်ပညာရေးမှူးဦးကျော်ဝင်း က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူ (၉) ဦးအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)