ရွှေတောင် မြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထက (ရွှေတောင်) ရတနာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် အထက (ရွှေတောင်)ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက်  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပြီး အထက (ရွှေတောင်) ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)