ပွင့်ဖြူမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၇

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသားကျောင်းသူများက ဇာတိမာန် တေးသီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ရှင်းလင်းဖတ်ကြားသည်။

ဆက်လက်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျင်းပသည့် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနား တက်ရောက်လာသူများကို (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခင်းကျင်းပြသရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)