ပင်လောင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

ပင်လောင်း   ဒီဇင်ဘာ   ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)ကျောင်းခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီမြှင့်ခဲ့ပြီး အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)