အထက်မင်းလှ ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့နေ့လယ် (၂)နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်စိုးလင်းက ဈေးအတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် မီးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိရန်၊ မီးသတ်ဆေးဗူးများထားရှိရန်၊ မီးမလောင်ခင်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပြသထားမှုအား ကြည့်ရှုခဲ့သည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ရာ၊ ဇေယျာသီရိဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ယာဉ်နှစ်စီးဖြင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ပြီး၊ ဈေးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်များ၊ မီးသတ်ဆေးဗူးများ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)