မင်းဘူး ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေး (Women Self Defense) ကိုယ်လုံပညာသင်တန်းဆင်းပွဲနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဒီဇင်ဘာ (၆) ရက်၊ မွန်းလွဲ (၁) နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ မကွေးတိုင်းဒေသကြီး အမျိုးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာ အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီးများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန်၊ အမျိုးသမီးကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်နှစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်၍ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်း တတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများအတွက် လူ့အခွင့်အရေးချိုးဖောက်မှု၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပို့ချပေးခဲ့သည့် သင်တန်းမှရရှိလာသော ပညာရပ်များသည် သူတစ်ပါးကို ရန်မူဖို့မဟုတ်ဘဲ အန္တရာယ်နှင့်ကြုံလာသည့်အခါ မိမိကိုယ်ကိုယ် ကာကွယ်ပြီး ပြန်လည်ခုခံနိုင်ရန် လေ့ကျင့်သင်ကြားပေးရခြင်း ဖြစ်ပါကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကျန်းမာသန်စွမ်းသည့် အနာဂါတ်အမျိုးသမီးကောင်းလေးများဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် သင်တန်းသား ကျောင်းသား/ကျောင်းသူကလေးများမှ ကိုယ်လုံပညာနှင့် ဝူရှူးအားကစား ပညာရပ်များကို သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက သင်တန်းနည်းပြဆရာအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အမျိုးသမီးများအား အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပက အဖွင့်အမှာစကားပြောကြားပြီးနောက် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးက အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မင်းဘူးခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်နှင်းပွင့်ဖြူက အမျိုးသမီးအကြမ်းဖက်ဥပဒေ အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)