(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မင်းဘူး ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း၊ အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက  အ.ထ.က (ခွဲ) မြို့မကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်ကလေးများ အမျိုးသားရေးစိတ်ဓာတ် မြင့်မားစေရေးအတွက် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဆွေးနွေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ခန့် တက်ရောက်ခဲ့ကြပြီး၊ အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ အခမဲ့ဖြန့်ဝေပေးထားသော (၁၀၃) နှစ်မြောက် အမျိုးသားနေ့သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)