မိုးညို ဒီဇင်ဘာ ၇
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လူငယ်လူရွယ်များအား အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲအားကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၀) ဦးက "အမျိုးသားအောင်ပွဲနေ့ဒို့မမေ့" ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများချီးမြှင့်၍ ပါဝင်ယှဥ်ပြိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသူများက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)