မင်းဘူး ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေဖြင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆောင်ရွက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောက်ရွက်နေမှု၊ တည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းများ စတင်စမ်းသပ်လည်ပတ်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)က မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ နေရောင်ခြည်စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၅၅၉ ဒသမ ၆၉ ကျပ်သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Capacity Build Engineering Co.Ltd (CBE) ကုမ္ပဏီမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ယခုအခါ လုပ်ငန်းများစတင်၍ စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုလာစနစ်ကို တပ်ဆင်သုံးဆွဲနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျော့ချနိုင်မည့်အပြင် မီတာယူနစ် ကုန်ကျစရိတ်သက်သာခြင်းနှင့် စိုက်ပျိုးရေရယူရာတွင် စဉ်ဆက်မပြတ် ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက် ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တာဝန်ခံ ဦးစီးအရာရှိ ဦးစိုးညွန့်လင်းက ပြောသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖော်ဆောင်နိုင်ခဲ့သည့်အတွက် အကျိုးပြုဧရိယာ (၇၅၅)ဧကအနက် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၅၂၅ ဧကနှင့် အခြားသီးနှံ ၂၃၀ ဧကတို့ကို စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် နွေစပါး ဧက ၂၀၀ နှင့် အခြားသီးနှံ ဧက ၄၀၀ ကို လျာထားစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး စိုက်ပျိုးရေများ စတင်ဖြန့်ဝေ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)