ကျုံပျော်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကျုံပျော် ဒီဇင်ဘာ ၇

ကျောင်းသားလူငယ်များ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်၊ အမျိုးသားနေ့၏ အနှစ်သာရနှင့် အမျိုးသားရေးစိတ်ဓာတ်များ  အစဉ်နိုးကြားစေရန်အတွက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး  ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊  ကျုံပျော်မြို့နယ်၊ မြေရဲမြောက် အခြေခံပညာမူလတန်းကျောင်း၌ ဒီဇင်ဘာ (၆) ရက် နေ့လည် (၁) နာရီက ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ကျုံပျော်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက မိမိနိုင်ငံ၏ ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်ခဲ့ပုံသမိုင်းကြောင်း၊ ကိုလိုနီသူ့ကျွန်ဘဝ ကျရောက်ခဲ့ရပုံ၊ မိမိလူမျိုးများ ပညာရေးနိမ့်ကျခဲ့ရပုံ၊ ကျွန်ပညာရေးစနစ်ကို တွန်းလှန်ခဲ့ပုံ၊ အမျိုးသားကျောင်းများပေါ်ပေါက်လာပုံနှင့် အမျိုးနေ့သတ်မှတ်ခဲ့ပုံတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြေရဲမြောက် အထကမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေသည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အသီးသီးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)