ဟင်္သာတမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ ကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသားကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန် စီမံကိန်းများဆောင်ရွက်ရန် လူရည်ချွန်စိစစ်ရွေးချယ်ပွဲကို ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူရည်ချွန်စိစစ်ရွေးချယ်ပွဲသို့ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်နှင်းယုနှင့် သက်ဆိုင်ရာ ဆရာ၊ ဆရာမများကြီးကြပ်လျက် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-9 မှ ကျောင်းသား/သူ (၁၅) ဦး၊ Grade-10 မှ ကျောင်းသား/သူ (၁၅) ဦး၊ Grade-11 မှ ကျောင်းသား/သူ (၁၄) ဦး၊ Grade-12 မှ ကျောင်းသား/သူ(၁၂)ဦး စုစုပေါင်းကျောင်းသား/သူ (၅၆)ဦးတို့သည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ၊ သင်္ချာနှင့် ပြင်ပဗဟုသုတ စသည့်ဘာသာရပ်များအား ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ရေး​ဖြေစာမေးပွဲများအား (၅.၁၂.၂၀၂၃ မှ ၆.၁၂.၂၀၂၃ ရက်နေ့အထိလည်းကောင်း၊ လူတွေ့နှုတ်ဖြေစာမေးပွဲအား (၆.၁၂.၂၀၂၃) ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုဆန်းစစ်မှုစာမေးပွဲအား (၈.၁၂.၂၀၂၃) ရက်နေ့တွင်လည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ၎င်းစာမေးပွဲများနှင့် ဆန်းစစ်ချက်များတွင် ရရှိလာသောရမှတ်များအပေါ်မူတည်၍ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးအဖွဲ့မှ Grade-9 မှ ကျောင်းသား(၁)ဦးနှင့် ကျောင်းသူ(၁)ဦး၊ Grade-10 မှ ကျောင်းသား (၁) ဦးနှင့် ကျောင်းသူ(၁)ဦး၊ Grade-11 မှ ကျောင်းသား(၁)ဦးနှင့် ကျောင်းသူ(၁)ဦး၊ Grade-12 မှ ကျောင်းသား(၁)ဦးနှင့် ကျောင်းသူ(၁)ဦး စီတို့အား မြို့နယ်အဆင့် လူရည်ချွန်များအဖြစ် သတ်မှတ်စီစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)