ချောက် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါက “သဘာဝပတ်ဝန်းကျင်ကိုဘယ်လိုထိန်းသိမ်းမလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးစိုးဝဏ္ဏထင်က “မီးခိုးမြူငွေ့” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သောအစားအသောက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူးဒေါ်ညိမ်းညိမ်းအေးက “ပလတ်စတစ်လျော့ချရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသား/သူ(၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)