ပန်းတနော် ဒီဇင်ဘာ ၆
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းက အ.ထ.က (၂) ကျောင်း မှ ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၇.၁၁.၂၀၂၂ ရက်နေ့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ ၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးအမည်နှင့် ဘိုမျိုး(ရွှေဘို)၏ အမျိုးသားနေ့မမေ့အပ်ရာ ကဗျာတို့ပါဝင်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)