စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာအုပ်ပြပွဲ ကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၆

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာအုပ်/ စာစောင်ပြပွဲကို ဒီဇင်ဘာ(၆)ရက်၊ နံနက်(၁၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာအုပ်ပြပွဲ ပြုလုပ်ဆောင်ရာတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်ဇာဖြူထွန်းက ဌာနဆိုင်ရာများအားဖိတ်ခေါ်၍ မိမိတို့ဌာနအနေဖြင့် သုတ/ ရသ စာအုပ်များကိုပြသပြီး အခမဲ့ငှားရမ်းပေးနေလျက်ရှိကြောင်း၊ စာပေချစ်မြတ်နိုးသူများအနေဖြင့် မိမိတို့ဌာနသို့ လာရောက်ပြီး စာအုပ်များဖတ်ရှု ကြစေလိုကြောင်း၊ ဌာနအနေဖြင့်လည်း စာအုပ်များ လာရောက်ငှားရမ်းမှု မဆောင်ရွက်နိုင်သူများကို ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်းများသို့ အလှည့်ကြသွားရောက်၍ စာအုပ်များငှားရမ်းပေးနေလျက်ရှိကြောင်း ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၃) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် စာအုပ်များငှားရမ်းခြင်း၊ ပြပွဲ/ ပြိုင်ပွဲများကျင်းပခြင်း၊ အခါအားလျော်စွာ အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေလျက်ရှိ ကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)