မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည်လက်မှုသင်တန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ယမန်နေ့၊ နံနက်ပိုင်းက မဲခေါင်လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကြိမ်ထည်လက်မှုသင်တန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးမြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးမှုရရှိနိုင်ရေး စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာရေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အုံများဆောက်လုပ်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ တီထွင်ဆန်းသစ်များမှု အားပေးမြှင့်တင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သောရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ဒေသန္တရစီမံကိန်းများရေးဆွဲထားရှိပြီးဖြစ်ကာ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီသောစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာနိုင်စေရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများအား ကဏ္ဍအလိုက်/ဒေသများအလိုက်အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးရည်ရွယ်၍ ကြိမ်ထည်လက်မှုသင်တန်း ဖွင့်လှစ်ပေးခြင်းအပေါ် စိတ်ပါဝင်စားစွာ သိရှိနားလည်အောင် သင်ကြားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ကြိမ်ထည်လက်မှုသင်တန်း၏ သင်တန်းနည်းပြ(၂)ဦးအား ဂုဏ်ပြုထောက်ပံ့ငွေကိုလည်းကောင်း၊ သင်တန်းသား/သူများအတွက် လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းနည်းပြတစ်ဦးက သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က သင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်ကြားမည့်ကြိမ်ထည်နမူနာများနှင့် လက်တွေ့သင်ကြားပြသနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကြိမ်ထည်ပစ္စည်းများသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းစသည်နှင့်ဆက်စပ်သည့် လုပ်ငန်းတစ်ခုဖြစ်၍ ဈေးကွက်ရရှိရေးနှင့်တာရှည်အသုံးပြုနိုင်ရေးနှင့် ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရွာသစ်ကျေးရွာ၌ကျေးရွာတွင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်း၊ မြေထိန်းနံရံနှင့် Pipe Culvert(၃)စင်း၊ ဥယျာဉ်ခြံများ ရေပိုက်သွယ်တန်းပေးခြင်း၊ Green House ခေတ်မီ ဖန်လုံအိမ်ဖြင့် စိုက်ပျိုးရေးဆောင်ရွက်ပေးခြင်း၊ ကျေးရွာခန်းမအဆင့်မြှင့်တင်ပေးခြင်း၊ သတင်းအချက်အလက်ဌာနဆောင်ရွက်ပေးခြင်း၊ ဆိုလာစနစ်ဖြင့်သောက်သုံးရေဖြန့်ဝေပေးခြင်းနှင့် အသက်မွေးပညာသင်တန်းဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)