ဒေးဒရဲ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်က ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လိုက်လံကြော်ငြာခြင်းကို ယမန်နေ့ညပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် ဝန်ထမ်းများက ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များဖြစ်သည့် အိမ်တိုင်းတွင်တောင့်တင်းခိုင်မာသော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကားအသင့်ထားရှိရန်၊ မီးဖိုအား မီးမလောင်လွယ်သော သွပ်ပြား၊ သံပြား၊ အုတ်စသည်တို့ဖြင့် စနစ်တကျခင်း၍ အသုံးပြုရန်၊ မီးဖိုအသုံးပြုတိုင်း လူစောင့်အမြဲရှိရန်နှင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျငြိမ်းသတ်ရန်၊ မီးဖိုအနီးလောင်စာဆီနှင့် လောင်စာပစ္စည်းများ မထားရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးများအား မီးကို အသုံးမပြုစေရန်၊ ဖယောင်းတိုင်၊အမွှေးတိုင်၊ ခြင်ဆေးခွေအသုံးပြုပါက မီးမလောင်လွယ်သော အောက်ခံခွက်များ အသုံးပြုရန်၊ နေအိမ်ခြံဝန်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ ဟောင်းနွမ်းဆွေးမြည့်နေသော ဝါယာကြိုးများ၊ ချို့ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသစ်လှဲလှယ် အသုံးပြုရန်၊ ဌာနဆိုင်ရာများ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို မြို့နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားချက်များနှင့်အတိုင်း ပြည့်စုံစွာ အဆင်သင့်တပ်ဆင်ထားရှိရေး၊ အနှေးယာဥ်၊ အမြန်ယာဥ်များပေါ်နှင့် လမ်းသွားရင်း ဆေးလိပ်မသောက်ရန်စသည့် စည်းကမ်းချက်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် အသိပညာပေးလိုက်လံကြော်ငြာပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း