ပွင့်ဖြူ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ ပညာပေးဆွေးနွေးဟောပြောခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အားလပ်ချိန်များ၌ သုတ/ရသ စာပေသိမှတ်ဖွယ်ရာများကို လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ အမျိုးသားရေးဦးတည်ချက်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးရာ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)