ကလေးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

ကလေး၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/ကျောင်းသူများ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရွှေရတုကျောင်းဆောင်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်မှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးတွာလ်ဆွင်းဗန်က လူငယ်များ စဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားလာစေရန်၊ လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေရန်နှင့် အနာဂါတ် လူ့အဖွဲ့အစည်းအတွက် လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်မှ ဦးဆောင်ဆွေးနွေးခဲ့ရာ Grade-10 မှ မောင်မြင့်မြတ်အောင်က လူငယ်နှင့်ခေါင်းဆောင်မှု၊ Grade-10 မှ မဆုပြည့်ဝင်းက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-9 မှ မောင်ထန်ဇာခိုင်က လူငယ်နှင့်အင်တာနက်၊ Grade-9 မှ မရွှေဇင်မိုးက လူငယ်နှင့်ပညာရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို ကလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူးမှ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)