ကန့်ဘလူ ဒီဇင်ဘာ ၆
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်းတို့က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်စွမ်းရည်များ၊ အပြောစွမ်းရည်များ၊ နားထောင်မှုစွမ်းရည်များ တိုးတက်မြင့်မားလာပြီး အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ ဘက်ပေါင်းစုံထူးချွန်ထက်မြက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က ဆောင်ရွက်ပြီး အ.ထ.က(၂) ကျောင်းမှ ကျောင်းသားကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပညာ၊ လူငယ်နှင့်ဘဝတန်ဖိုး စသည့် ခေါင်းစဥ်များအလိုက် ဆွေးနွေးကြကာ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)