အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေး ဒီဇင်ဘာ ၆

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် မကွေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေကြီးဝန်ကြီးများ၏ ဇနီးများ၊  တိုင်း/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်မှ အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုဟာ အမျိုးသမီးထုတစ်ရပ်လုံး ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်အဟန့်အတားဖြစ်စေပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတစ်ရပ်ဖြစ်တဲ့ အမျိုးသမီးများအကြမ်းဖက်ခံရမှု လျော့ပါးပပျောက်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုတားဆီးနိုင်ရေးကို မြန်မာနိုင်ငံသာမက  ကမ္ဘာပေါ်ရှိ  နိုင်ငံအသီးသီးမှာလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဟာ မျိုးဆက်သစ်များကို မွေးဖွားပေးနိုင်သူများဖြစ်သလို အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများ၊ ပညာရှင်များကိုလည်း မွေးဖွားပေးနိုင်သူများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အနေနှင့် အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ဖွံ့ဖြိုးတိုးတက်ရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုလျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အသွင်ဖြင့် ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးငယ်များကို ကာယ၊ ဉာဏစွမ်းရည်(၂)ရပ်လုံး ဖွံ့ဖြိုးတိုးတက်ပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းတတ်စေရန် လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိပါကြောင်း၊ ယနေ့ဟောပြောပွဲတွင်ရရှိတဲ့ ဗဟုသုတ၊ အသိပညာ၊ လိုက်နာရမည့် အချက်များကို အမျိုးသမီးများ၊ အမျိုးသမီးများနှင့် ပတ်သက်သက်ဆိုင်သူများ သိရှိလိုက်နာရန်လိုအပ်ပြီး မိမိပတ်ဝန်းကျင်ကိုလည်း အသိပညာထပ်မံ ဖြန့်ဝေပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးမြို့နယ် လူကုန်ကူးမှုကာကွယ်တားဆီးရေးတပ်ဖွဲ့မှ ရဲမှူးကျော်လင်းက လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲအပြီးတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)