တောင်တွင်းကြီး ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉:၃၀)နာရီက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စာအုပ်၊ စာပေနှင့်ရင်းနှီးစေရန်၊ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ဖြန့်ချိသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)