တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဖွင့်လှစ်သည့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားများတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၆

(၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်သော အမှတ် (၁၃) ရပ်ကွက်၊ မဉ္ဇူလမ်းသွယ် (၂) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ဖွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့အား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မဉ္ဇူလမ်းသွယ် (၂) လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး အလျား၉၉၃ပေ၊ အကျယ်၁၂ပေ နှင့် ထု ၆ လက်မ ရှိကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ရက်တာလှုပ်ရှားမှုကာလဖြစ်ပါကြောင်း၊ ကျား၊ မဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများပပျောက်ရန်အတွက် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ခေါင်းဆောင်မှုဗဟိုဌာနက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုသည် ကမ္ဘာ့နိုင်ငံအားလုံးတွင်ရှိသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် သတိပေးနေခြင်းဖြစ်ပြီး အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနှင့်ပြည်သူများက အလေးထားဆောင်ရွက် နေကြောင်းကိုပြသရန်အတွက် လှုံ့ဆော်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ၂၀၁၈ခုနှစ်ကစတင်ကာ ၁၆ရက်တာ လှုပ်ရှားဆောင်ရွက်မှုများကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆောင်ပုဒ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ်အတွက်ဆောင်ပုဒ်မှာ “UNITE! Invest to Prevent Violence against Women and Girls” “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ်ပြီးဆောင်ပုဒ်၏ အဓိကအလေးပေးလိုသည့်အချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍတွေမှာ အားလုံးပါဝင် ရင်းနှီးမြှုပ်နှံကြရန် ဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လိုအပ်သည့်အချိန်တွင်လိုအပ်သည့် ပံ့ပိုးမှုရရှိလိုက်ခြင်းသည် အသေးစားပင်ဖြစ်လင့်ကစား အမျိုးသမီးများအတွက် ထိရောက်သောအကာအကွယ်ရရှိပြီး များစွာအကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်ရေးပေါင်းစုရင်းနှီး မြှုပ်နှံပေး”ဟူသောအကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုဆောင်ပုဒ်နှင့်အညီ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက်လိုအပ်သည့် ဝန်ဆောင်မှုများလွယ်လင့်တကူ လက်လှမ်းမီအချိန်မီရရှိနိုင်ရေး ကဏ္ဍအသီးသီးမှာ အားလုံးပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများလျော့နည်းပပျောက်ရေးကိုဆောင်ရွက်ပေးကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသမီးများဘဝတစ်လျှောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်သည့် အသိပညာပေး Video Clip ပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)