ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၆

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံအုပ်စု၊ နတ်မှော်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာနတ်မှော် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော စားသုံးသူ၏အဓိပ္ပာယ်၊ တာဝန်နှင့် ကုန်အညွှန်းအမှတ်အသား (၈)ချက်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက ရှေးဦးအရွယ်ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "မျောက်နှင့်မိကျောင်း" ပုံပြင်ဖြင့် ကျောင်းသား/ ကျောင်းသူလေးများအား ပြော​ပြပေးခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအနေဖြင့် စာဖတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြန်မာ့သိုင်းကစားနည်းဖြင့် သရုပ်ပြဆောင်ရွက်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကိုဖတ်ရှုခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား "လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)