ပေါက်ခေါင်း ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က (ပေါက်ခေါင်း)၌ ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင်ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဆွေးနွေးပြောကြားပြီး၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားနေ့အဓိပ္ပါယ်၊ ကိုလိုနီပညာရေးစနစ်ကို တွန်းလှန်သောတိုက်ပွဲများအကြောင်းအပါအဝင် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကိုခင်းကျင်းပြသခြင်း၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)