နတ်မောက်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

နတ်မောက် ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊  ပညာရေးမျှော်မှန်းချက်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်စာရင်းများ၊ ဘိုမျိုး(ရွှေဘို)ရေးသားသည့် “အမျိုးသားနေ့ မမမေ့အပ်ရာ”(ကဗျာ)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၇-၁၁-၂၀၂၂ ရက်နေ့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်နှင့် ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆)ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ စသည့်တို့ကို အရောင်အသွေးစုံလင်စွာ ဝေဝေဆာဆာ ဖော်ပြပါရှိသည်။

သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသာ/သူများ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နတ်မောက်မြို့နယ်ရုံး ဝန်ထမ်းများက  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

လှဝင်း