ဇီးကုန်း ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ဇီးကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်ခင်သင်းရီက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ Grade-10,Grade-11,Grade-12 တို့မှ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးက "လွတ်လပ်ရေးနေ့ တို့မမေ့" "လွတ်လပ်ရေးနေ့အဓိဌာန်" "ထိန်းသိမ်းရမလေ လွတ်လပ်ရေးအမွေ" "လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း" စသည့်ခေါင်းစဉ်များမှ မိမိကျရာခေါင်းစဉ်နှင့်ပတ်သက်၍ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေး၏ အနှစ်သာရများ၊ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့အောင် တစ်မျိုးသားလုံးမှ အမျိုးသားရေး တာဝန်တစ်ရပ်အနေနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လိုအပ်ကြောင်းတို့ကို စီကာပတ်ကုံးပြောဆို၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)