ပွင့်ဖြူ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဆောင်းသီးနှံဖူးစားပြောင်း စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရကာ ယနေ့အထိ ဖူးစားပြောင်းသီးနှံစိုက်ဧက ၄၅၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံဖူးစားပြောင်း စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၃၀၄၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အမှီပြုပြီး အောက်တိုဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးမှု ၄၅၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဖူးစားပြောင်းသီးနှံကို ဒေသခံတောင်သူတွေက အားထားစိုက်ပျိုး လုပ်ကိုင်ကြတယ်။ ဒီဒေသမှာ ဖူးစားပြောင်းကိုတော့ နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပါတယ်။ ဖူးစားပြောင်း စိုက်ပျိုးရေးလုပ်ငန်းက ပြောင်းဖူးရောင်းရတဲ့အပြင် ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် ရောင်းချရလို့ နှစ်သီးစားဝင်ငွေရရှိတော့ တောင်သူတွေအများစုက စီးပွားဖြစ် စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒီဒေသမှာ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးကတော့ ရိုးရိုးသံကြားပြောင်းနဲ့ အရပ်ခေါ် ပန်ရွှေသံကြားပြောင်းမျိုးများကို စိုက်ပျိုးကြပါတယ်။ ဒေသခံတောင်သူတွေကိုလည်း ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အစားအစာ ဘေးကင်းလုံခြုံစေဖို့၊ အထွက်နှုန်းများ ကောင်းစေဖို့နဲ့ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးသွားကြဖို့ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ကူညီဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု၊ ကျေးရွာပေါင်း (၂၀၅)ရွာရှိပြီး ဒေသခံပြည်သူများမှာ မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အမှီပြုပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးသမျှ သီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဆောင်းသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံစုံ၊ စားဖိုဆောင်သီးနှံများနှင့် အခြား အထွေထွေစားသုံးသီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)