ဟုမ္မလင်း ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု GBV အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဧဆက်က လူငယ်များ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြင်ပစာပေ ဗဟုသုတများကို ဖတ်ရှုလေ့လာစေရန် လူငယ်နှင့်ဗလငါးတန် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဆိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအကြောင်း ရှင်းပြောကြားရာတွင် Gender Based Violence (GBV) ကျား/မ အခြေပြုအကြမ်းဖက်မှု သိကောင်းစရာများ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်များ၊ အကြမ်းဖက်မှု ဖြစ်ပွားရခြင်း၏ အဓိကအကြောင်း အရင်းများဖြစ်သည့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသောသတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပြီး၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဦးတည်ချက်များ၊ ဆောင်းပုဒ်များ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)