ပွင့်ဖြူ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ဒေသဖွံ့ဖြိုးရေးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်းအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက အချိန်မီပြီးစီးရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၀ သန်းဖြင့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်း အရှည်ပေ ၅၇၀ အား လမ်းအကျယ် ၁၈ ပေ ၊ အမြင့် ၉ လက်မ ကတ္တရာလမ်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ တိုင်းတာကြည့်ရှု စစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆက်လက်လုပ်ဆောင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ရေရှည်အသုံးပြုသွားလာနိုင်ရေးအတွက် လုပ်ငန်းစံချိန်စံညွှန်း ပြည့်မီစေရန်နှင့် အချိန်မီပြီးစီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ပွင့်ဖြူမြို့၊ ကံ့ကော်လမ်း အရှည်ပေ ၅၇၀ အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာများ၏ ကြီးကြပ်မှုဖြင့် နိုဝင်ဘာ ၂၉ ရက်နေ့က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ဒီဇင်ဘာ ၇ ရက်နေ့အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)