သရက် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ယင်းနောက် Book Club အဖွဲ့ဝင် ကဗျာဆရာ မောင်မင်းသိမ်း(သရက်)က ပြိုင်ပွဲတွင် ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ဆုရကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် လက်ဆောင်ပစ္စည်းများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့သည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ''အမျိုးသားအောင်ပွဲနေ့မှသည် ဗလငါးတန်ပြည့်ဝရေးသို့'' ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၂) ကျောင်း၊ မူလွန်ကျောင်း (၁)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုချီးမြှင့်ပွဲအပြီးတွင် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အခမ်းအနားတက်ရောက်လာသူများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)