ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အိုးဘိုကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

နတ်မောက် ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ ပူးပေါင်း၍ ဘုန်းတော်ပြည့် ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် တာဝန်ရှိသူများသည့် ကျေးရွာကွန်ကရစ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန်၊ လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၅ သန်းနှင့် ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၆ ဒသမ ၆ သန်း စုစုပေါင်း ကျပ် ၂၁ ဒသမ ၆ သန်း အသုံးပြုကာ အိုးဘိုကျေးရွာ  ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၇၅၀ပေ၊ အကျယ်၁၂ပေ၊ အမြင့် ၆ လက်မခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထုမှ ကိုယ်တိုင် အကောင်အထည်ဖော်၍ အောက်တိုဘာ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်။ အဆိုပါကျေးရွာရှိ အိမ်ခြေ(၂၀၉)အိမ်၊ အိမ်ထောင်စု(၂၀၉)စုမှ လူဦးရေ(၉၁၈)ဦးတို့ ရာသီမရွေးသွားလာရ လွယ်ကူလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများတွင် အကျိုးပြုသွားမည်ဖြစ်ကြောင်း၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်မှ ဆက်လက်ပြောပြ၍ သိရသည်။

မူမူစန်း