အုတ်တွင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကံသုံးဆင့်အထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ဦးစွာလူငယ်စကားဝိုင်းကို အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်စေရန်၊ လူငယ်များအချင်းချင်းရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးပြီး Grade-10နှင့် Grade-11မှ ကျောင်းသူခြောက်ဦးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အလေ့အကျင့်၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် Geade-10နှင့် Grade-11 မှ ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဥ်အလိုက် သိရှိလိုသည့်အချက်များ ကိုမေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီးပါဝင်ဆွေးနွေးသော ကျောင်းသူခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ပြီး ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အမျိုးသားနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
အေမင်းရည်စော (ပြန်/ဆက်)