မြန်အောင် ဒီဇင်ဘာ ၅
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု၊ ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GBV အသိပညာပေးအစီအစဥ်ကို မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့နံနက်က ကျင်းပသည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု၊ ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GBV အသိပညာပေးအစီအစဥ် မြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဥ်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်အောင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)