သာယာဝတီ ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးသီးနှံများရောဂါနှင့် ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်နိုင်ရေး၊ သီးနှံများအထွက်တိုးပြီး ဝင်ငွေပိုမိုရရှိနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့် ပတ်သက်သည့် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တောင်ပန်းဆွဲ၊ လက်ပံတုန်း၊ သင်တောရိုး၊ ဂုံမင်းမြောင်ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဆန်းဟိုကက ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ မြေပဲစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သော ဗီယက်နမ်မြေပဲမျိုးအား ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများအတွက် TBL-9 ၊ ရေဆင်းအထွက်ကောင်းမျိုးများကို အသုံးပြုစိုက်ပျိုးရန်နှင့် နည်းပညာဆိုင်ရာများအတွက် အခက်အခဲများ ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေးဉီးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြေ၊ မျိုး၊ ပိုးပညာရှင်များက သီးနှံအလိုက် စိုက်နည်းစနစ်များ၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာသုံးစွဲရန် နည်းလမ်းများ၊ သဘာဝမြေသြဇာပြုလုပ်သုံးစွဲသည့် နည်းလမ်းများနှင့် အခြားစိုက်ပျိုးရေးနည်းပညာများကို အသိပညာပေးဆွေးနွေးကြပြီး တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)