မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တီဘီရောဂါရှာဖွေကုသပေးခြင်း ကွင်းဆင်းဆောင်ရွက်

ကြံခင်း ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် "လူတိုင်းအသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တီဘီရောဂါ ရှာဖွေကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် ကံရွာကျန်းမာရေးဌာနတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က   တီဘီရောဂါအကြောင်း သိကောင်းစရာများ၊ တီဘီရောဂါလက္ခဏာများ၊   ကုသပုံ နည်းစနစ်များအားလည်းကောင်း၊   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က ချောင်းဆိုးလျှင် ကူးစက်သောရောဂါဖြစ်သဖြင့် နှာခေါင်းစည်း(mask)တပ်ခြင်း၊ တီဘီရောဂါဖြစ်ပွားလျှင် ဆေးမှန်မှန် သောက်သုံး ကုသမှုခံယူကြဖို့နှင့် သေချာစွာကုသမှုမခံယူလျှင် နောက်ဆက်တွဲဖြစ်ပွားမည့် ဆိုးကျိုးများကို အသိပညာပေး ပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေးမှ တာဝန်ရှိသူများဖြင့် တီဘီရောဂါ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြရာ သွေးပေါင်ချိန်တိုင်းခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စစ်ဆေးရောဂါရှာဖွေပြီး ရောဂါတွေ့ရှိလူနာများအား ဆေးဝါးကုသပေးခြင်း၊ လိုအပ်သောဆေးဝါးများပေးကာ စနစ်တကျ သောက်ရမည့် ပုံစံများကို ညွှန်ကြားပေးခြင်းများ ဆောင်ရွက်ကြကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ တီဘီရောဂါရှာဖွေ ဆေးကုသပေးရာသို့ ဒေသနေပြည်သူ (၁၀၄)ဦး လာရောက် ပြသကြပြီး၊ တီဘီရောဂါလက္ခဏာ တွေ့ရှိလူနာ(၈)ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တီဘီရောဂါ ရှာဖွေစစ်ဆေးကွင်းဆင်းကုသပေးခြင်းကို ဒီဇင်ဘာလ (၂)ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့ထိ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃)စုတွင် ကုသဆောင်ရွက်ပေးရာ ပြသစစ်ဆေးမှုခံယူသူပေါင်း (၃၇၉) ဦးရှိပြီး၊ ရောဂါတွေ့ရှိလူနာ(၂၈) ဦးအား ဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)