မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၅

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယအကြိမ် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (မော်လမြိုင်ခရိုင်ရုံး)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၃၃)၏ ရည်မှန်းချက် ၃ ရပ် အနက် တစ်ရပ်မှာ “အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရန်နှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်”ဟူ၍ပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအနေဖြင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ ပထမ ၅ နှစ် စီမံချက် (၂၀၁၉ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ)တွင် “အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သောအလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဈေးကွက်များမြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့်ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း”တို့ကို တာဝန်ခံ၍ တာဝန်ယူဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယအကြိမ်ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့် သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုပါကြောင်း၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များရရှိအောင် ကြိုးစားစေလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက်  မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က သင်တန်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် ဒီဇင်ဘာ()ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)