ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် သီးနှံအာမခံ အစီအစဉ် စတင်ဆောင်ရွက်

မြန်အောင် ဒီဇင်ဘာ ၅

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံအစီအစဥ်ကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ယနေ့ဆောင်ရွက်ရာ မြန်အောင်မြို့နယ် ငှက်ကြီးကွင်း ကျေးရွာအုပ်စုမှ တောင်သူ(၁၀၂)ဦးတို့က ၎င်းတို့၏ လယ်ဧက(၆၅၆)ဧကအတွက် သီးနှံအာမခံ ပရီမီယံကြေးများ စုပေါင်းပေးသွင်းခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြန်အောင်ဘဏ်ခွဲ)တွင် သီးနှံအာမခံအစီအစဥ် ဆောင်ရွက်ခြင်းအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦမင်းသူနှင့် ဧရာဝတီတိုင်းဒေသကြီးဘဏ်ခွဲ မန်နေဂျာ ဦးအေးသိန်းတို့ တက်ရောက်၍ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကာတောင်သူများ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတု အညွှန်းကိန်း သီးနှံအာမခံအစီအစဥ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ပဲမျိုးစုံနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများအတွက် လယ်ယာမြေ(၁) ဧကလျင် အာမခံပရီမီယံကြေး (၁၀၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ် မိုးရေချိန်ထက် ကျော်လွန်ရွာသွန်းပါက အာမခံ လျော်ကြေးအဖြစ် လယ်ယာမြေတစ်ဧကတွင် အများဆုံးသီးနှံအာမခံလျော်ကြေး ကျပ်(၁)သိန်းအထိ ခံစားခွင့်ရရှိနိုင်သည့် အာမခံအစီအစဥ်ဖြင့် တောင်သူများကို အကာအကွယ်ပေးသည့် ကောင်းမွန်သော အစီအစဥ် တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)