ကျိုက်လတ် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် စီမံကိန်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာ သီးနှံမျိုးစေ့ချပွဲကို ယမန်နေ့နံနက်ပိုင်းက သာယာဝဲကျေးရွာ အုပ်စုတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆောင်းနေကြာ သီးနှံမျိုးစေ့ချပွဲကို သာယာဝဲကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၄)၊ ဦးပိုင်အမှတ် (၂၅/၁) တောင်သူ ဦးစိန်မောင်၏ လုပ်ပိုင်ခွင့်ရလယ်မြေ ( ၂.၂၅)ဧက၊ ဦးပိုင်အမှတ် (၂၆/၈) တောင်သူဒေါ်ရီမာ ၏ လုပ်ပိုင်ခွင့်ရ လယ်မြေ (၁.၂၅)ဧက၊ ဦးပိုင်အမှတ် (၂၆/၇)တောင်သူ ဒေါ်ခင်ထွေးရီ၏ လယ်မြေ (၁.၉၈)ဧက၊ ဦးပိုင်အမှတ်(၂၆/၅) တောင်သူ ဦးစိန်မောင်၏ လယ်မြေ(၂.၁၀)ဧက၊ ဦးပိုင်အမှတ်(၂၃/၃) တောင်သူ ဦးသန်းထွန်း၏ လုပ်ပိုင်ခွင့်ရလယ်မြေ(၁.၉၈)ဧက၊ စုစုပေါင်း (၉.၅၆)ဧက တို့၌ ရေဆင်းစပ်မျိုး (၁) နေကြာမျိုးစေ့ချပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။ ဆောင်းသီးနှံ နေကြာကို ဒေသအတွင်း ဆီဖူလုံမှုရှိစေရန်နှင့် အစားအစာ ဘေးကင်းလုံခြုံစိတ်ချပြီး ကျန်းမာရေး အတွက် အထောက်အကူပြုသည့် စားသုံးဆီ ရရှိစေရန်အတွက် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လှိုင်မင်းအောင်