ဒေးဒရဲ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ (၂၀၂၃- ၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများကို ယနေ့နံနက် (၉) နာရီကစတင်၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်ပညာရေးမှူး ဦးလှစိုး ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက် ဖြေဆိုလျက်ရှိရာ (Grade- 9) တွင် ကျောင်းသား၊ ကျောင်းသူ (၈)ဦး၊ (Grade-10)တွင် ကျောင်းသား၊ ကျောင်းသူ (၆)ဦး၊ (Grade-11)တွင် ကျောင်းသား၊ ကျောင်းသူ (၆)ဦးနှင့် (Grade -12)တွင် ကျောင်းသား၊ ကျောင်းသူ (၂)ဦး စုစုပေါင်း (၂၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့မှ (၈) ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့်လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း