ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် မွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

ငဖဲ  ဒီဇင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မွေးမြူရေးတိရစ္ဆာန်များကို စနစ်တကျ မွေးမြူတတ်စေရန်နှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမတွင် ဖွင့်လှစ်ပို့ချ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးက  မွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ထိုသို့စနစ်တကျမွေးမြူခြင်းဖြင့် အရည်အသွေးကောင်းမွန်သော  တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိခြင်း၊ စားသုံးသူဘေးကင်းလုံခြုံခြင်း၊ ဇီဝလုံခြုံမှုကောင်းမွန်ခြင်း၊ မွေးမြူရေးခြံလုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းခြင်း၊ တိရစ္ဆာန်သက်သာချောင်ချိရေးလိုက်နာဆောင်ရွက်လာနိုင်ခြင်း၊ ထုတ်လုပ်မှုတိုးတက်လာပြီး ဝင်ငွေပိုမိုရရှိခြင်း၊ ရေရှည်တည်တံ့သည့် GAHP အသိအမှတ်ပြုလက်မှတ်များ ပိုင်ဆိုင်လာပြီး ဒေသတွင်းနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ကျေးရွာများမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်း (၂)ဦးက ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP)များဖြစ်သည့် ဉစားကြက်မွေးမြူရေး၊ အသားတိုးကြက်မွေးမြူရေး၊ တိုင်းရင်းကြက်မွေးမြူရေး၊ ဝက်မွေးမြူရေး၊ မိရိုးဖလာဝက်မွေးမြူရေးနှင့် ပျားမွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို ဒီဇင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့ထိ ၃ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)