ပေါင်းတည် နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ (Community Centre)၌ ၂၀၂၃ ခုနှစ်၊ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ အခြေခံပညာမူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့ကို ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ နံနက်ပိုင်း၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။ ယင်းနောက် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ စာစီစာကုံးပြိုင်ပွဲ၌ ပွဲဝင် ၁၀ ဦး၊ ပန်းချီပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၁၄ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် ၂၀၂၃ ခုနှစ်၊ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲ၏ ဦးတည်ချက်များကို ရှင်းလင်းဟောပြောရာ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၅၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲအပြီး၌ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် ဆရာ၊ ဆရာမများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)