ပွင့်ဖြူ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ စိုက်ပျိုးခြင်းကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူသီးနှံဝင်ငွေ တိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး ပဲလွမ်းသီးနှံဧက ၃၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ၈၈၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံဧက ၃၂၃၂ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက အောက်တိုဘာ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးမှု ၈၈၄ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကာ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ ပဲလွမ်းသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက ၃၂၃၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါတယ်။ ဆောင်းသီးနှံပဲလွမ်းစိုက်ပျိုးခြင်းကိုတော့ အောက်တိုဘာ ပထမပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၈၈၄ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက်ကိုလည်း ဒေသခံတောင်သူတွေကို လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းနှင့်အတူ တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ဒေသခံတောင်သူတွေကလည်း သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် ကြိုးပမ်းစိုက်ပျိုး ဆောင်ရွက်နေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲလွမ်း၊ ပဲကြီး၊ ပဲကြား၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲနောက်၊ ပဲယင်း ၊ ထောပတ်ပဲ ၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး ပဲမျိုးစုံသီးနှံစိုက်ဧက ၃၈၀၈၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ပဲမျိုးစုံသီးနှံ ၆၃၆၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)