သရက် ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိဿလိမ်းအုပ်စု၊ သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇A) တွင် စိုက်ပျိုးဆောင်ရွက်ထားရှိသော ချည်မျှင်ရှည်ဝါ (၁၃)ဧက စိုက်ခင်း၌ ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်မျိုးလတ်နှင့် ခရိုင်စိုက်ကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်မျိုးလတ်က တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းသောမျိုးကို ရွေးချယ်စိုက်ပျိုးရန်နှင့် တောင်သူအကျိုးစီးပွါး ဖြစ်ထွန်းအောင် ရာသီနှင့်ကိုက်ညီသော သီးနှံများ စိုက်ပျိုးကြရန် ပြောကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးတင့်နေအောင်က လက်ရှိတွင် ဝါမျိုးကွဲ(၃)မျိုး၊ စိုက်ပျိုးထားရှိပြီး ရွှေတောင်(၈)၊ B-31နှင့် B-88 တို့မှာ စပ်မျိုးများဖြစ်၍ မျိုးရယူ၍ မရကြောင်း ရှင်းလင်းခဲ့သည်။
ဆက်လက်၍ (၁၀)ပေအတွင်းရှိ ဝါ၏သီးပွင့် အင်္ဂါများဖြင့် စံကွက်ရိတ်သိမ်းကြရာ တစ်ဧက အထွက်နှုန်းအနေဖြင့် ရွှေတောင်(၈) (၇၄၀.၅၀)ပိဿာ၊ B-31(၈၄၉.၄၂)ပိဿာ၊ B-88(၆၁၇.၄၆)ပိဿာအသီးသီး ထွက်ရှိကြောင်း သိရသည်။ ထွက်ရှိလာသော ရွှေတောင်(၈)ဝါမျိုးမှ မျိုးစေံများရယူ၍ လာမည့်နှစ်တွင် မျိုးဖြန့်ဖြူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)