မုံရွာ ဒီဇင်ဘာ ၅
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် “(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ “အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/သူများအား ဗလငါးတန်နှင့် ပြည်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များ ပြုစုပျိုးထောင်ရေးအတွက် ရည်ရွယ်၍ စာစီစာကုံး၊ ပုံပြင်၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိက မထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများအားဆက်လက်ပြုလုပ်ရာ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းပေါင်း (၄)ကျောင်းတို့မှ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းဆင့် ကျောင်းသား/သူ(၁၅)ဦး၊ ပုံပြင်ပြော ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၅) ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ(၁၀) ဦး၊ စုစုပေါင်း (၄၀) ဦးတို့က ပြိုင်ပွဲများကို သတ်မှတ်ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းနှင့် တာဝန်ရှိသူတို့က ဗလာစာအုပ်များ၊ ခဲတံများ၊ ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ်များ အမှတ်တရ ချီးမြှင့်ပေးအပ်ခြင်း၊ ကျောင်းသား/သူများအား အအေးဘူးများဝေငှခြင်းနှင့် အာဟာရမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့ သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်ပြပွဲနှင့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)