ပေါက်ခေါင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ပေါက်ခေါင်း ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး၊ ဇာတိသွေးဇာတိမာန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်တိုးတက်လာစေရန်ရည်ရွယ်၍ အ.ထ.က(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာပေများ ပြသဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်ဖြစ်သည့် "ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့"နှင့် အမျိုးသားနေ့နှင့် သက်ဆိုင်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ၊ သုတ၊ ရသစာအုပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)