ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်  

မောင်တော  ဒီဇင်ဘာ     ၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ် အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို   ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြို့နယ်ပညာ ရေးမှူး ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို ကျင်းပပြုလုပ်ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာ စာဘာသာရပ်အား ဖြေဆိုကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  Grade-9 မှ Grade 12 အထိဖြေဆိုရန် စာရင်းရှိ ၂၂ ဦး၊ ဖြေဆိုသူ ၁၅ ဦးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ  ဖြေဆိုရန်ပျက်ကွက်သူ ၇ ဦးပြီး နေ့လယ်ပိုင်းတွင် အင်္ဂလိပ်စာ ဘာသာရပ်အား ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ  မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို ဒီဇင်ဘာ ၆ ရက်နေ့တွင်  အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်သူများအနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)