သဲကုန်း​မြို့နယ်၌ အသက် (၁)နှစ်ခွဲ အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

သဲကုန်း ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သဲကုန်းမြို့ပေါ်ရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ကိုယ်ဝန်​ဆောင်မိခင်များအား ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ သဲကုန်းမြို့နယ် မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်​ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ် မိခင်နှင့်က​လေးကျန်းမာရေးဌာနအနေဖြင့် အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် ကလေးငယ်များအားအသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သောကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း ​မြို့နယ်မိခင်နှင့်က​လေးကျန်းမာရေးဌာနမှ သိရသည်။

ကိုကျော် (ပြန်/ဆက်)