ရွှေတောင် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်ချက်ဖြစ်သည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်များအား ၂၀၂၄ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ကအပြီး ကောက်ခံသွားရန် ညွန်ကြားချက်အပေါ် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် ဂွေးတောက်မြှောင်ကျေးရွာအုပ်စုရှိ ၂၀၂၀ မိုးချေးငွေနှင့် Covid-19 မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေပေးဆပ်ရန် ကျန်တောင်သူ (၁၃၄) ဦးတို့အား တွေ့ဆုံဆွေးနွေးမှုများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်များနှင့်ပတ်သက်၍ ချေးငွေရယူထားသည့် တောင်သူများအနေဖြင့် ပြန်လည်ပေးဆပ်ရမည့် ကာလကျော်လွန်ပြီး ပေးဆပ်ခြင်းမရှိသည့် တောင်သူများအားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေတောင်မြို့နယ်အနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်များ ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလကုန်အပြီး အပြေအကြေပေးဆပ်နိုင်ရေးအတွက် ကျေးရွာအုပ်စု တစ်အုပ်စုချင်းအလိုက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ခေါင်းဆောင်ပါဝင်သည့် ကြွေးကျန်ကောက်ခံရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ပါကြောင်းနှင့် ကြွေးကျန်အများဆုံးဖြစ်သည့် ကျေးရွာအုပ်စုများရှိ တောင်သူများအား ယခုကဲ့သို့ခေါ်ယူ၍ ကြွေးကျန်များအမြန်ပေးဆပ်နိုင်ရေး ကြွေးကျန်ပေးဆပ်မည့် တောင်သူများ ပေးသွင်းသည့်ငွေများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူများက လက်ခံကောက်ယူပြီး တောင်သူတစ်ဦးချင်းအလိုက် ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးကျန်ငွေများအား နောက်ဆုံးပေးဆပ်ရန်သက်မှတ်ရက်ကို ခံဝန်ကတိလက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)